၁။ မနုဿနေရယိက = လူငရဲသား
၂။ မနုဿပေတ = လူ့ပြိတ္တာ
၃။ မနုဿတိရစ္ဆာန = လူ တိရစ္ဆာန်
၎။ ပရမတ္ထ မနုဿ = လူ စစ်စစ်
ဟူ၍ လေးမျိုးခွဲဝေရလေသည်။
(၁)။ မနုဿနေရယိက= လူငရဲသားဟူသည်ကား
လူဇာတ်ဝင် လူသားစစ်စစ်ဖြစ်လျက် သူ့အသက် သတ်ခြင်း၊ သူ့ဥစ္စာခိုးယူခြင်း စသော မပြုသင့်သော အမှုတို့ကို ပြုလုပ်သဖြင့် ပြစ်ဒဏ်ပေးရန် ထိုက်တန်သည်နှင့် လျော်စွာ မင်းစသည်တို့က လက်ခြေဖြတ်ခြင်းစသော အပြစ်တို့ဖြင့် အပြစ်ပေးခံရသော ကြောင့် ဆင်းရဲ ဒုက္ခကြီးစွာ ခံစားနေရသူမျိုးဖြစ်၏။
(၂)။ မနုဿပေတ = လူပြိတ္တာဟူသည်ကား လူသားစင်စစ်ပင်ဖြစ်သော်လည်း ရှေးက ပြုခဲ့ဖူးသော မကောင်းမှုကြောင့် (ရှေးက ကောင်းမှုကို မပြုခဲ့သောကြောင့်) အစားအစာ အဝတ်အထည်ကိုမျှလည်း မရရှိ။ ဆာလောင်ခြင်း ဆင်းရဲခြင်းဖြင့် နှိပ်စက်ခံနေရသည်ဖြစ်၍ ဆင်းရဲကြီးစွာ ရပ်တည်ရာမရ ကတိမ်း ကပါးပြောလွှားရှာဖွေ နေရသူမျိုးဖြစ်၏။
(၃)။ မနုဿတိရစ္ဆာန= လူတိရစ္ဆာန်ဟူသည်ကား လူလူချင်အတူတူဖြစ်သော်လည်း သူတစ်ပါးနှင့် စပ်၍ အသက်မွေးလာရသဖြင့် သူတစ်ပါးတို့၏ တာဝန်ဝတ္တရားတို့ကို ထမ်းဆောင်လျက် မနေမနား သွားလာနေရ သူမျိုးနှင့် လူ့လောက စည်းမျဉ်းဥပဒေကို ကျော်နင်းဖျတ်ဆီး၍ မလုပ်အပ်သည်ကို လုပ်သဖြင့် အစိုးရမင်း စသော တစ်ပါးသူတို့၏ ခြိမ်းခြောက်မှုကြောင့် သေဘေးကိုကြောက်၍ တောချုံပိတ်ပေါင်းကို ခိုမှီဝင်အောင်း ကာ အိပ်လိုခြင်း ၊ ဆာလောင်ခြင်း ဆင်းရဲကို ပယ်ဖျောက်ရုံမှတစ်ပါး အခြားမည်သည့် အကြောင်းအကျိုး ဟုတ်သည် မဟုတ်သည်ကိုမျှ မစဉ်းစားနိုင်ဘဲ ဒုက္ခကြီးစွာနှင့် လှည့်လည်ပြောလွှားနေရသူမျိုးဖြစ်၏။
(၄)။ ပရမတ္ထ မနုဿ = လူစစ်စစ် ဟူသည်ကား မိမိ၏ အကျိုးစီးပွားကိုသိ၍ ကံ- ကံ၏ အကျိုးကို ယုံကြည်ကာ မကောင်းမှုမှ ရှက်ခြင်း၊ ကြောက်ခြင်းဟုဆိုအပ်သော ဟိရီသြတ္တပ္ပနှင့် ပြည့်စုံပြီးလျှင် သတ္တဝါတို့အပေါ်၌ သနားကြင်နာခြင်းရှိသည့်အပြင် သံဝေဂတရားရှိသည့်အလျောက် အကုသိုလ် ကမ္မပထ တရားတို့ကိုလည်း ရှောင်ကြဉ်ကာ ကုသိုလ်ကမ္မပထတရားတို့ကိုလည်း ကောင်းမွန်စွာကျင့်သုံး၍ ပုည -ကိရိယ ဝတ္ထုတို့နှင့် ပြည့်စုံသော သူမျိုးပင်ဖြစ်၏။
ဤကား လူလေးမျိုးပင်တည်း။ ထို့ကြောင့် စာဖတ်သူအားလုံးလည်း နံပါတ်(၄) လူသားစစ်စစ် တန်ဘိုးရှိရှိ လူဖြစ်အောင် ကြိုးစားကြပါဟု တိုက်တွန်းသမှုပြုလိုက်ရပါသည်။

No comments:
Post a Comment