


နေပြည်တော် စက်တင်ဘာ ၁၂
မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်နှင့် 
ဟောင်ကောင် အခြေစိုက် Euromoney Institutional Investor (JERSEY) Ltd. တို့
 ပူးပေါင်းကျင်းပသည့် Myanmar Global Investment Forumကို ယနေ့ နံနက် (၁၀) 
နာရီတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန 
(MICC) အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် 
နိုင်ငံတော်သမ္မတဉီးသိန်းစိန် တက်ရောက် အားပေးချီးမြှင့်သည်။
အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးများ၊ 
ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ ပြည်ထောင်စု 
မြန်မာနိုင်ငံတော်ဆိုင်ရာ နိုင်ငံခြားသံရုံးများမှ သံအမတ်ကြီးများနှင့် 
သံတမန်များ၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ကုန်သည်များနှင့် 
စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ် ဥက္ကဋ္ဌနှင့် အမှုဆောင် အဖွဲ့ဝင်များ၊ 
ထားဝယ်၊ သီလဝါနှင့် ကျောက်ဖြူ အထူးစီးပွားရေးဇုန် စီမံခန့်ခွဲရေး 
ကော်မတီများမှ ဥက္ကဋ္ဌများနှင့် ကော်မတီဝင်များ၊ Euromoney Institutional 
Investor (JERSEY) Ltd. မှ အမှုဆောင် အရာရှိချုပ်နှင့် အဖွဲ့ဝင်များ၊ 
ပြည်ပကုမ္ပဏီ အဖွဲ့အစည်းများမှ စီးပွားရေးလုပ်ငန်းရှင် (၅၀၆) ဦး အပါအဝင် 
စုစုပေါင်း (၈၆၁) ဦးတို့ တက်ရောက်ကြသည်။
ရှေးဦးစွာနိုင်ငံတော်သမ္မတဦးသိန်းစိန်သည် 
မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာန (MICC) ဧည့်ခန်းမ၌ Euromoney
 Institutional Investor (JERSEY) Ltd. မှ (အာရှရုံးခွဲ) အမှုဆောင် 
အရာရှိချုပ် Mr. Tony Shale နှင့် ပြည်ပကုမ္ပဏီ အဖွဲ့အစည်းများ၊ 
စီးပွားရေးလုပ်ငန်းရှင်များအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်၍ 
မြန်မာနိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေးအပါအဝင် ကဏ္ဍအလိုက် ပြုပြင်ပြောင်းလဲ 
ဆောင်ရွက်နေမှုတို့နှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။
ထို့နောက် နိုင်ငံတော်သမ္မတသည် Myanmar Global Investment Forum ဖွင့်ပွဲအခမ်းအနားကို ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးသည်။
ယင်းနောက် Myammar Global Investment Forum ကို 
ဆက်လက် ကျင်းပရာ အစီအစဉ်အရEuromoney Institutional Investor ( 
JERSEY)Ltd.(အာရှရုံးခွဲ)မှ အမှုဆောင် အရာရှိချုပ် Mr. Tony Shale နှင့် 
မြန်မာနိုင်ငံ ရင်းနှီးမြှပ်နှံမှုကော်မရှင် ဥက္ကဋ္ဌ သမ္မတရုံးဝန်ကြီးဌာန 
ပြည်ထောင်စုဝန်ကြီးဦးစိုးသိန်းတို့က ကြိုဆိုနှုတ်ခွန်းဆက် 
စကားပြောကြားကြသည်။
ယင်းနောက် မြန်မာနိုင်ငံ၏ စီးပွားရေးအနာဂတ် 
အလားအလာများ စပ်လျဉ်း၍ ဖွံ့ဖြိုးတိုးတက်လာမည့် အခြေအနေ၊ 
ရပ်တည်နိုင်စွမ်းနှင့် ကတိကဝတ်များအပေါ် ပြည်တွင်းပြည်ပမှ 
စီးပွားရေးလုပ်ငန်းရှင်များက ဦးဆောင် ဆွေးနွေးကြသည်။
ယင်းနောက် ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန 
ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က အခွန်ဥပဒေများ ပြင်ဆင်ပြဋ္ဌာန်းခဲ့ခြင်း၊ 
အမြတ်ခွန် ဥပဒေကို ပယ်ဖျက်ခဲ့ခြင်း၊ အသေးစား ငွေရေးကြေးရေး ဝန်ဆောင်မှု 
လုပ်ငန်းဥပဒေကို ပြဋ္ဌာန်းခဲ့ခြင်း၊ အတိုးနှုန်းများ ပြင်ဆင်ခဲ့ခြင်း၊ 
နိုင်ငံခြားငွေလဲလှယ်နှုန်း ပေါင်းစည်းရန် IMF အကူအညီ ရယူ၍ 
ဆောင်ရွက်ခဲ့ခြင်း၊ ပုဂ္ဂလိကဘဏ်သစ် ၄ဘဏ် ဖွင့်လှစ်ခွင့်ပြုခဲ့ခြင်း၊ 
ဘဏ်ခွဲများ တိုးချဲ့ဖွင့်လှစ်ခဲ့ခြင်း၊ နိုင်ငံခြားသုံးငွေ 
လဲလှယ်ရောင်းဝယ်သည့် ကောင်တာများ ဖွင့်လှစ်ခဲ့ခြင်းနှင့် ပုဂ္ဂလိကဘဏ် 
၁၄ဘဏ်အား နိုင်ငံခြားသုံးငွေများ ရောင်းဝယ်ဖောက်ကားသည့် 
လုပ်ငန်းလိုင်စင်များ ထုတ်ပေးခဲ့ခြင်းများနှင့် စပ်လျဉ်း၍ 
ရှင်းလင်းပြောကြားသည်။
ထို့နောက် ဘဏ်လုပ်ငန်းဖွံ့ဖြိုး တိုးတက်မှုနှင့် 
ဈေးကွက်ပွင့်လင်းမှု အခြေအနေတို့နှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံတော် 
ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌနှင့် ပြည်တွင်းပြည်ပဘဏ် လုပ်ငန်းရှင်များက 
ဦးဆောင်ဆွေးနွေးကြသည်။
ဆက်လက်၍ စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး 
ဦးထင်အောင်က ရေနံနှင့်သဘာဝ ဓာတ်ငွေ့ ထုတ်လုပ်နိုင်မှုနှင့် 
ရှေ့အလားအလာများ အပါအဝင် မြန်မာနိုင်ငံ၏ စွမ်းအင် ကဏ္ဍနှင့် စပ်လျဉ်း၍ 
ရှင်းလင်းပြောကြားသည်။
ထို့နောက် မြန်မာနိုင်ငံ၏ ရေနံနှင့် သဘာဝဓာတ်ငွေ့ 
စဉ်ဆက်မပြတ် ဖွံ့ဖြိုး တိုးတက်ရေးနှင့် စပ်လျဉ်း၍ ပြည်တွင်း 
ပြည်ပစီးပွားရေး ကုမ္ပဏီ၊ အဖွဲ့အစည်းများမှ 
တာဝန်ရှိသူများကဦးဆောင်ဆွေးနွေးကြသည်။
ယင်းနောက် 
မြန်မာနိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေအကြောင်း၊ ခိုင်မာသည့် 
ရင်းနှီးမြှုပ်နှံမှုနှင့် ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှု အခြေအနေတို့နှင့် 
စပ်လျဉ်း၍ ပြည်တွင်း ပြည်ပစီးပွားရေး ကုမ္ပဏီအဖွဲ့အစည်းများမှ 
တာဝန်ရှိသူများက ဦးဆောင် ဆွေးနွေး ကြသည်။ ဦးဆောင်ဆွေးနွေးမှုများ 
အားလုံးအပေါ် တက်ရောက်လာကြသူများက သိရှိလိုသည်များကို ပွင့်လင်းစွာ 
ပြန်လည်ဆွေးနွေးမေးမြန်းကြပြီး အခမ်းအနားကို ညနေပိုင်းတွင် ရုပ်သိမ်း 
လိုက်သည်။
 

 
No comments:
Post a Comment