


နေပြည်တော် စက်တင်ဘာ ၂၂
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ 
ဦးသိန်းစိန်နှင့် အဖွဲ့ဝင်များသည် စက်တင်ဘာ (၂၀) ရက် နံနက် (၉) နာရီတွင် 
တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ရှင်းကျန့်မြို့၏ အထင်ကရဆိပ်ကမ်းဖြစ်သော Yantian 
International Container Terminal သို့ ရောက်ရှိကြရာ ရှေးဦးစွာ 
အစည်းအဝေးခန်းမ၌ ကုမ္ပဏီအမှုဆောင်အရာရှိချုပ် Mr. Patrick LAM က 
ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားသည်။
ထို့နောက် တာဝန်ရှိသူတစ်ဦးက ရှင်းကျန့်မြို့ 
ဆိပ်ကမ်း စတင်တည်ဆောက်ခဲ့မှု၊ အဆင့်ဆင့် ဖွံ့ဖြိုးတိုးတက်လာမှုနှင့် 
ဆိပ်ကမ်း၏ လက်ရှိလုပ်ငန်းဆောင်ရွက် နေမှုတို့ကို ရှင်းလင်း တင်ပြသည်။
ဆက်လက်၍ နိုင်ငံတော်သမ္မတနှင့် အဖွဲ့ဝင်များသည် ရှင်းကျန့် ဆိပ်ကမ်းအတွင်း မော်တော် ယာဉ်များဖြင့် လှည့်လည်ကြည့်ရှုကြသည်။
ယင်းနောက် အမှုဆောင် အရာရှိချုပ် Mr. Patrick LAM က 
ရှင်းကျန့် ဆိပ်ကမ်းတည်ရှိမှု ပုံစံကားချပ်ဖြင့် ဆိပ်ကမ်းမတည်ဆောက်မီနှင့် 
တည်ဆောက်ပြီး အခြေအနေတို့ကို ရှင်းလင်း ပြောကြားရာ နိုင်ငံတော် သမ္မတက 
ယခုအချိန်သည် မြန်မာနိုင်ငံ၌ ရင်းနှီး မြှုပ်နှံမှုပြုရန် အချိန်အခါကောင်း 
ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ၌ ကွန်တိန်နာဆိပ်ကမ်း လာရောက်ရင်းနှီး 
မြှုပ်နှံပါက နှစ်ဦးနှစ်ဖက် အကျိုးအမြတ်များ ရရှိမည် ဖြစ်ပါကြောင်း၊ 
လက်ရှိတွင် ကျောက်ဖြူ ရေနက်ဆိပ်ကမ်း၊ သီလဝါဆိပ်ကမ်းနှင့် 
ထားဝယ်ရေနက်ဆိပ်ကမ်းများ တည်ဆောက်ရန် လုပ်ငန်းများ စတင်အကောင်အထည်ဖော်နေပြီ
 ဖြစ်ပါကြောင်း၊ ကုမ္ပဏီ အနေဖြင့် အတွေ့အကြုံနှင့် ငွေကြေး အရင်းအနှီးများ 
ရှိပြီးဖြစ်ရာ မြန်မာနိုင်ငံ၌ လာရောက် ရင်းနှီးမြှုပ်နှံရန် 
ဖိတ်ခေါ်ပါကြောင်းဖြင့်ပြောကြားသည်။
ရှင်းကျန့်မြို့ခေတ်မီ ဖွံ့ဖြိုးမှုအတွက် အခရာကျသည့် 
ရှင်းကျန့် ဆိပ်ကမ်းကို ၁၉၉၃ ခုနှစ် အောက်တိုဘာလတွင် စတင်တည်ဆောက်ခဲ့သည်။ 
၁၉၉၄ ခုနှစ် ဇူလိုင် လတွင် လုပ်ငန်းများ စတင်လည်ပတ်ခဲ့သည်။ လုပ်ငန်းများကို
 ဟောင်ကောင်နှင့် ဖက်စပ်စတင်တည်ဆောက်ခဲ့ခြင်းဖြစ်သည်။ ယခုအခါ ကမ္ဘာပေါ်ရှိ 
ကုန်တင်ဆိပ်ကမ်းများအနက် အဆင့် (၄) အကြီးဆုံး ဆိပ်ကမ်းတစ်ခုဖြစ်သည်။ 
ပင်လယ်ကူးသင်္ဘောကြီး (၅) စီး တစ်ပြိုင်တည်း ဆိုက်ကပ်ပြီး ကုန်တင်ကုန်ချ 
လုပ်ငန်းများဆောင်ရွက်နိုင်ကာ ကွန်တိန်နာ (၄၀၀၀၀) ခန့်ကို ဝန်ဆောင်မှု 
ပေးနိုင်ကြောင်း သိရသည်။
ထို့နောက် နိုင်ငံတော်သမ္မတနှင့် အဖွဲ့ဝင်များသည် 
ရှင်းကျန့် ဆိပ်ကမ်းမှ ရှင်းကျန့် ဖွံ့ဖြိုး တိုးတက်လာမှု သမိုင်း 
ပြတိုက်သို့ ရောက်ရှိကြပြီး ပြတိုက်အတွင်း ခင်းကျင်း ပြသထားသည့် သက်တမ်း 
(၃၂) နှစ်ရှိ ရှင်းကျန့် မြို့ကို သာမန် ဆိပ်ကမ်းမြို့ငယ်လေး တစ်မြို့မှ 
ခေတ်မီ ဖွံ့ဖြိုးတိုးတက်သည့် မြို့တစ်မြို့ ဖြစ်လာအောင် တရုတ်နိုင်ငံ 
ခေါင်းဆောင်ကြီး များ၏ ဆောင်ရွက်ခဲ့မှုမှတ်တမ်းများ၊ မြို့တည်ဆောက်မှု 
သမိုင်းဝင် မှတ်တမ်းဓာတ်ပုံများ၊ သရုပ်ဖော်ရုပ်လုံးရုပ်ကြွများနှင့် 
အဆင့်ဆင့် မြို့ပြဖွံ့ဖြိုးမှု မှတ်တမ်း များကို ကြည့်ရှု လေ့လာကြသည်။
ရှင်းကျန့်မြို့သည် တရုတ်ပြည်မကြီး၏ တောက်ဖက်ပိုင်း 
ကမ်းရိုးတန်းတွင် တည်ရှိပြီး ဟောင်ကောင်ဒေသနှင့် မျက်နှာချင်းဆိုင်တွင် 
တည်ရှိသည်။ ကမ်းရိုးတန်းအရှည် ကီလို မီတာ (၂၃၀) ရှိပြီး ရေနက်ဆိပ်ကမ်းများ 
အများအပြားတည်ဆောက်ထားသည်။ ရှင်းကျန့်မြို့ လူဦးရေမှာ ၁၄ သန်းကျော် ရှိပြီး
 အမြဲတမ်းနေထိုင်သူ (၁၁) သန်းခန့်နှင့် အခြားဒေသမှ လာရောက်အလုပ်လုပ်ကိုင်သူ
 (၃) သန်းကျော်ရှိသည်။ ၁၉၇၉ ခုနှစ်တွင် ရှင်းကျန့်မြို့ အဖြစ် 
စတင်တည်ထောင်ခဲ့ပြီး ၁၉၈၀ ခုနှစ် သြဂုတ်လတွင် တရုတ်ပြည်၏ ပထမဆုံးသော အထူး 
စီးပွားရေးဇုန်ကို ရှင်းကျန့်မြို့၌ တည်ထောင်ခဲ့သည်။ 
တရုတ်တစ်နိုင်ငံလုံးရှိ ပြည်နယ်/ ဒေသများအနက် စီးပွားရေး အဖွံ့ဖြိုးဆုံး 
အတိုးတက်ဆုံး စတုတ္ထ နေရာတွင် ရှိသည်။ အဆင့်မြင့် နည်းပညာ 
စက်မှုလုပ်ငန်းများ၊ ငွေကြေးဝန်ဆောင်မှု လုပ်ငန်းများ၊ ပြည်ပကုန်သွယ်မှု၊ 
ရေကြောင်း သယ်ယူပို့ဆောင်ရေး လုပ်ငန်းများတွင် ဦးဆောင်မြို့ တစ်မြို့ 
ဖြစ်သည်။
တရုတ်နိုင်ငံ၏ ပြုပြင်ပြောင်းလဲမှုနှင့် 
ပြည်ပနိုင်ငံများနှင့် ပိုမိုထိတွေ့ ဆက်ဆံရေးတွင် စံပြ မြို့တစ်မြို့ 
လည်းဖြစ်သည်။ ရှင်းကျန့် ဆိပ်ကမ်းများတွင် ဆိပ်ခံတံတားပေါင်း ၁၇၆ ခု 
ရှိသည့် အနက် ၆၉ ခုမှာတန်ချိန် တစ်သောင်းကျော် သင်္ဘောကြီးများ 
ဆိုက်ကပ်နိုင်ပြီး ၄၄ ခုမှာ ကုန်သေတ္တာတင် သင်္ဘောကြီးများ ဆိုက်ကပ်နိုင်သည်။
ရှင်းကျန့်မြို့ အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ 
တရုတ်တစ်နိုင်ငံလုံးတွင် စတုတ္ထမြောက် ခရီးသည်အများဆုံး လေဆိပ်တစ်ခုဖြစ်ပြီး
 လေကြောင်းခရီးစဉ်ပေါင်း ၁၃၀ ကို ကိုင်တွယ် ဆောင်ရွက်နိုင်သည်။ ထို့ပြင် 
တရုတ်တစ်နိုင်ငံလုံးတွင် အရည်အသွေးမီ သုတေသန လုပ်ငန်းများ 
ရှိသည့်မြို့ကြီးများအနက် အဆင့် (၆) ရှိကြောင်းလည်း သိရသည်။
မွန်းတည့် (၁၂) နာရီတွင် နိုင်ငံတော်သမ္မ 
ဦးသိန်းစိန်သည် ရှင်းကျန့် မြို့တော်ဝန် Mr. Xu Qin အား Futian Shangri-La 
ဟိုတယ်၌ လက်ခံ တွေ့ဆုံသည်။
တွေ့ဆုံပွဲတွင် ရှင်းကျန့်မြို့မှ 
စီးပွားရေးလုပ်ငန်းရှင်များ မြန်မာနိုင်ငံ၌ လာရောက်ရင်းနှီး 
မြှုပ်နှံနိုင်ရေး၊ မြန်မာနိုင်ငံ၏ ပတ်ဝန်းကျင်တွင် ကြီးမားသော အိန္ဒိယ၊ 
ဘင်္ဂလားဒေ့ရှ်၊ အာဆီယံဈေးကွက်ကြီး ရှိရာ ပြည်ပရင်းနှီး မြှုပ်နှံမှုများကို 
ဖိတ်ခေါ်နေသည့် အချိန်အခါ ဖြစ်၍ နိုင်ငံသားများ အလုပ်အကိုင်အခွင့်အလမ်းများ 
ရရှိနိုင်ရန် စက်ရုံအလုပ်ရုံများ လာရောက် ထူထောင်လုပ်ကိုင်ရေး၊ 
ရှင်းကျန့်မြို့တည်ဆောက်ခဲ့သည့် အတွေ့အကြုံများကို 
မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်မှုအတွက် မျှဝေပေးရေး၊ မြန်မာနိုင်ငံ၌ 
ရေနက်ဆိပ်ကမ်းများ၊ စက်မှုဇုန်များ တည်ဆောက်လျက်ရှိရာ 
အမြန်ဆုံးဖွံ့ဖြိုးတိုးတက်အောက် အကူအညီပေးရေး တို့နှင့် စပ်လျဉ်း၍ 
ရင်းနှီးခင်မင်စွာ ဆွေးနွေးခဲ့ကြသည်။
တွေ့ဆုံဆွေးနွေးပွဲအပြီးတွင် နိုင်ငံတော်သမ္မတနှင့် 
အဖွဲ့ဝင်များအား ရှင်းကျန့် မြို့တော်ဝန်က အဆိုပါ ဟိုတယ်၌ ညစာစားပွဲဖြင့် 
တည်ခင်းဧည့်ခံခဲ့သည်။
မွန်းလွဲပိုင်းတွင် နိုင်ငံတော်သမ္မတနှင့် 
အဖွဲ့ဝင်များသည် ရှင်းကျန့်မြို့ရှိ Huawei Techonlogies Co; Ltd သို့ 
ရောက်ရှိကြရာကုမ္ပဏီ ဥက္ကဋ္ဌ Mr. Ren Zhengfei နှင့် တာဝန်ရှိသူများက 
လှိုက်လှဲစွာ ကြိုဆိုကြပြီး ကုမ္ပဏီခန်းမအတွင်း အဆင့်မြင့် 
ဆက်သွယ်ရေးနည်းပညာဖြင့် ပြုလုပ်ထားသည့် ဆက်သွယ်ရေးပစ္စည်းများကို 
ကြည့်ရှုလေ့လာ ကြသည်။
ယင်းနောက် နိုင်ငံတော်သမ္မတသည် ပေကျင်းမြို့မှ 
မြန်မာနိုင်ငံဖွား တရုတ်အမျိုးသားများ အသင်းဥက္ကဋ္ဌ အသက် (၈၄) နှစ် အရွယ်ရှိ 
ဒေါ်ဇင်ခိုင်နှင့် ခေတ်မီ ဗီဒီယို ကွန်ဖရင့် စနစ်ဖြင့် အပြန်အလှန် 
နှုတ်ခွန်းဆက်စကား ပြောကြားသည်။
ထို့နောက် နိုင်ငံတော်သမ္မတနှင့် အဖွဲ့ဝင်များအား 
ကုမ္ပဏီအစည်းအဝေးခန်းမ၌ South East Asia Region president & CEO Mr. 
Yang Shu က ကုမ္ပဏီ၏ အဆင့်မြင့် ဆက်သွယ်ရေးပစ္စည်းများ ထုတ်လုပ်မှု၊ 
မြန်မာနိုင်ငံအပါအဝင်ကမ္ဘာ တစ်ဝန်း၌ ရင်းနှီးမြှုပ်နှံ လုပ်ကိုင်နေမှုနှင့် 
(၂၇) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲတွင် ဆက်သွယ်ရေး 
နည်းပညာဖြင့် ပံ့ပိုးကူညီပေးသွားမည့် ကိစ္စရပ်များကို ရှင်းလင်းပြောကြားသည်။
ယင်းနောက်နိုင်ငံတော်သမ္မတက ပြောကြားရာတွင် 
မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် Huawei က 
မျှဝေဆောင်ရွက်ပေးသွားမည်ဟု သိရှိရသဖြင့် ကျေးဇူးတင်ရှိပါကြောင်း၊ ၂၀၀၈ 
ခုနှစ်က မြန်မာနိုင်ငံ၌ နာဂစ်မုန်တိုင်းတိုက်ခေတ်စဉ်  Huawei မှ 
ကူညီပံ့ပိုးပေးထားသည့် တယ်လီဖုန်းများဖြင့် မုန်တိုင်းသင့် ဒေသများ၌ 
ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက် ခဲ့ပါကြောင်း၊ မြန်မာနိုင်ငံကို ခေတ်မီ 
ဖွံ့ဖြိုးအောင် ဆောင်ရွက်ရာတွင် ဆက်သွယ်ရေး ကဏ္ဍသည် အရေးကြီးသည်ဟု 
ခံယူထားပါကြောင်း၊ လက်ရှိအချိန်သည် မြန်မာနိုင်ငံ၌ ရင်းနှီးမြှုပ်နှံမှုများ
 ပြုလုပ်ရန် အချိန်အခါကောင်း ဖြစ်ပါ ကြောင်းဖြင့် ဆွေးနွေး ပြောကြားခဲ့သည်။
ထို့နောက် Huawei ကုမ္ပဏီ ဥက္ကဋ္ဌ Mr. Ren Zhengfei က 
ပြောကြားရာတွင် ကုမ္ပဏီ အနေဖြင့် မြန်မာနိုင်ငံ၏ ဆက်သွယ်ရေးကဏ္ဍ၌ အမြဲတမ်း 
ပါဝင်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ၏ 
ဆက်သွယ်ရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အင်တိုက်အားတိုက် 
ပါဝင်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်းဖြင့် ပြောကြားသည်။
ယင်းနောက် Huawei ကုမ္ပဏီမှ Mr. Yang Shu က ကုမ္ပဏီမှ 
ထုတ်လုပ်သော ဗီဒီယို ကွန်ဖရင့် စနစ် (၄) စုံကို ပေးအပ်လှူဒါန်းရာ သမ္မတရုံး 
ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက လက်ခံသည်။
ညနေပိုင်းတွင် နိုင်ငံတော် သမ္မတနှင့် အဖွဲ့ဝင်များသည် ရှင်းကျန့်မြို့မှ နန်နင်းမြို့သို့လေကြောင်းခရီးဖြင့် ထွက်ခွာခဲ့ ကြသည်။
 

 
No comments:
Post a Comment